"ဒါနဲ့ မင်း လူနာရဲ့ ECOG (အဆင့်) က ဘယ်လောက်လဲ?"
Cancer အထူးကုဆရာဝန်ကြီးက ဖြတ်မေးလိုက်၏။
ကျွန်တော်ကတော့ ကြောင်အမ်းအမ်း။ အရင်က တခါမှ မကြားဖူးခဲ့သည်ကိုး။ နောက် မှ သိလာရသည်။ Australia တွင် ဆရာဝန်တယောက်နေနှင့် Cancer ဟုဆိုလိုက်သည်နှင့် ECOG အဆင့်တွက်ပြီးသား ဖြစ်ရပေမည်။
ECOG အဆင့်သည် Eastern Cooperative Oncology Group Performance Status ၏ အတိုကောက် ဖြစ်သည်။ တိုတိုနှင့်လွယ်လွယ်ပြောရလျှင် Cancer လူနာတွေ၏ အခြေအနေကို အလွယ်တကူ ခွဲခြားနိုင်သည့် အဆင့်သတ်မှတ်ချက်ကလေး ဖြစ်၏။
အဆင့် ဝ- လူအကောင်း ပကတိအတိုင်း။
အဆင့် ၁- အိမ်အလုပ် (သို့) အပေါ့စား အလုပ်များကိုသာ လုပ်ဆောင်နိုင်ခြင်း။
အဆင့် ၂- ကိုယ့်ကိုကိုယ် စောင့်ရှောက်ကြည့်ရှုနိုင်၍ တနေ့တာနိုးထချိန်၏ ၅၀% အထက်လှုပ်ရှားသွားလာနိုင်ခြင်း။
အဆင့် ၃- ကိုယ့်ကိုကိုယ် အတိုင်းအတာတခုသာ စောင့်ရှောက်ကြည့်ရှုနိုင်၍ တနေ့တာနိုးထချိန်၏ ၅၀% အထက် ကုတင် (သို့) ထိုင်ခုံပေါ်တွင်သာ နေရခြင်း။
အဆင့် ၄- ကိုယ့်ကိုကိုယ် လုံးဝစောင့်ရှောက်ကြည့်ရှုနိုင်ခြင်း မရှိဘဲ ကုတင် (သို့) ထိုင်ခုံပေါ်တွင်သာ အမြဲနေရခြင်း။
အဆင့် ၅- သေဆုံးကွယ်လွန်ခြင်း။
အကြမ်းဖျင်းအားဖြင့် ECOG အဆင့်မြင့်လေလေ ရောဂါအခြေအနေဆိုးလေ ဖြစ်သည်။ ECOG အဆင့်မြင့်သူများသည် ကင်ဆာဆေးဝါးများ၏ ဒဏ်ကို မခံနိုင်ကြသည်မှာများ၏။ ရောဂါ ပျောက်ကင်းနိုင်ချေလည်း နည်းပါး၏။
တကယ်တော့ ECOG အဆင့်သည် သာမန်လူများပင် တွက်ချက်နိုင်သည်အထိ လွယ်ကူရိုးရှင်းပါသည်။ ထို့ကြောင့် မိမိ၏ ဆွေမျိုးသားချင်း Cancer လူနာများ နိုင်ငံရပ်ခြားသို့ ငွေကုန်ကြေးကျခံ၍ သွားရောက်ကုသမှုမခံမီ ECOG အဆင့်လေးတော့ တွက်ကြည့်စေချင်ပါသည်။ သို့မှသာ ငွေကုန်ရကျိုးနပ်သည့် ရလဒ်များ ရရှိပေလိမ့်မည်ဟု ဆိုချင်ပါ၏။
မှတ်ချက်။ အထွေထွေရောဂါကုဆရာဝန် တယောက်၏ Cancer အကြောင်း ယေဘုယျ အကြံပေးချက်ဖြစ်၍ လိုအပ်ချက် များရှိနိုင်ပါ၏။
.png)